ဤစေတီတော်မှာ လင်ပန်းပြောက်ဘုရား၏ အရှေ့ဘက်တောင်တန်းတွင် တည်ရှိသည်၊
ခရစ်အေဒီ ၁၄၇၀ ခုနှစ်တွင် ဘုရင်မင်းစောမွန် တည်ထားပူဇော်ခဲ့သော စေတီတော်ဖြစ်သည်၊
စေတီတော်အောက်ခြေမှစပြီး ရှစ်မြောင့်ပုံသဏ္ဍန်ဖော်ကာ တည်ဆောက်ထားပြီး အပေါ်တွင် ဓာတ်လုံးသဏ္ဍာန်တင်ထားသည်၊စေတီတော်၏ ဒေါင့်ချိုးများတွင် နေ့နံသင့်ရာဂြိုဟ်နတ်တို့၏ အရုပ်တို့ကို ကျောက်ဆစ်ရုပ်လုံးများထုလုပ်ထားရှိသည်၊အရှေ့ဘက်အရပ်မှ စေတီတော်အတွင်းသို့ဝင်ရန် ဂူပေါက်ထားရှိပြီး ထိုဝင်လမ်းတစ်ဖက်တစ်ချက်စီတွင် ဇာတ်နိပါတ်တော်လာ ကျောက်ဆစ်လက်ရာဖြင့် ဝတ်စားဆင်ယင်မှုများကို အနုပညာထူးဆန်းစွာဖြင့် ထုလုပ်ထားရှိသည်၊ဘုရင်မင်းမြတ်ထွက်တော်မူခန်းနှင့်မူးမတ်သေနာပတိတို့ ဆင် မြင်း စီးကာနေပုံများကို အသေးစိတ်ထုလုပ်ထားပြီး ကျောက်ဆစ်လက်ရာများမှာ စိတ်ဝင်စားဖွယ်ကောင်းသည်၊ထိုအရုပ်များ၏ အပေါ်၌ ဆင်းတုတော်များကိုလည်း ထားရှိပါသေးသည်၊
ဘုရားကြီး၏ ဂန္ဓကုဋိတိုက်အမြင့်ပေမှာ ၆ ပေခန့်မြင့်မားသည်၊ ဂူတော်ကြီး၏ အလယ်တည့်တည့်တွင် ပလ္လင်ပေါ်၌ ကျောက်တစ်လုံးတည်းဖြင့် ထုလုပ်ထားသော ဆင်းတုတော်ကြီးတစ်ဆူရှိသည်၊ပလ္လင်ကိုလည်း ကျောက်တစ်လုံးတည်းဖြင့်ထုဆစ်ထားကာ ချုံးပန်း ချုံးနွယ်မျိုးစုံတို့ဖြင့် တန်ဆာဆင်ထားပြီး ဆင်းတုတော်၏ တည့်တည့်ခေါင်မိုးပေါ် ကြာပွင့်ပုံသဏ္ဍာန် ပန်းပွင့်ကြီးကို ကျောက်ဆစ်လက်ရာဖြင့် ပြောင်မြောက်စွာထုလုပ်တပ်ဆင်ထားသည်၊
ဤစေတီတော်၏ လုံးပတ်မှာ ၁၀၆ ပေခန့်ရှိပြီး စေတီတော်၏ အမြင့်မှာ ပေ ၃၀ မြင့်မားကာဖြင့် အထူးသပ္ပါယ်ကြည်ညိုဖွယ်ရာ စေတီဘုရားတစ်ဆူဖြစ်ပါသည်။
ကိုးကား_
ရက္ခပူရကြေးမုံကျမ်း
ပြည်ထူးစံ
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
ရှေးဟောင်း အမွေအနှစ်